skip to main |
skip to sidebar

--------------------
ရေးသားသူ- ရဲမိုး
ခေတ်သစ်နိုင်ငံရေးကို မီဒီယာများကတစ်ဆင့် ဖတ်ရှုလေ့လာရသည့်အခါ ငယ်စဉ်က ကြည့်ခဲ့ရသည့် ဂျပန်နင်ဂျာကားများကို ပြန်သတိရသည်။
ညဥ့်သန်းခေါင်ယံမှာ တံတိုင်းကိုကျော်တက်လာသည့် မျက်နှာဖုံးစွပ်နင်ဂျာများ၊
သူတို့ကိုင်သည့် ကင်ဒိုဓားများနှင့် အဆိပ်လူးမြား၊ ရန်သူ၏အသက်ကို
စက္ကန့်ပိုင်းအတွင်း နုတ်ယူနိုင်သည့် ကျွမ်းကျင်မှုများ....။
နင်ဂျာများ လုပ်ကြံသတ်ဖြတ်ခဲ့သည်က လူ့အသက်။ ခေတ်သစ်နိုင်ငံရေးကစားကွက်မှာ လုပ်ကြံသတ်ဖြတ်ကြသည်ကတော့ လူသား၏ဂုဏ်သိက္ခာ။
'Assassin' ကို “လူသတ်သမား” ဟု အနက်ဖွင့်ပြီး 'Assassination'ကိုတော့
“လုပ်ကြံသတ်ဖြတ်ခြင်း”ဟု ဆိုကြသည်။ 'Character Assassination' ဆိုသည့်
“ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်ခြင်း”ကတော့ ကိုယ်မနှစ်သက်သူတစ်ဦး
(သို့မဟုတ်) အဖွဲ့အစည်းတစ်ခု၊ လူတစ်စု၏ဂုဏ်သိက္ခာကို မသမာသည့်
နည်းလမ်းများသုံးပြီး ဖျက်ဆီးချေမှုန်းခြင်းဖြစ်သည်။
တစ်နည်းအားဖြင့်ပြောရလျှင် မိမိ၏ရန်သူအပေါ် ပြည်သူလူထု၏
ထောက်ခံမှုချုပ်ငြိမ်းသွားအောင် ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
လုပ်ကြံခံရသူမှာ တစ်သက်လုံး ခေါင်းမထောင်နိုင်တော့သည့်အပြင်
အသက်မွေးဝမ်းကျောင်းတစ်ခုလုံးကိုပါ စွန့်လွှတ်လိုက်ရတတ်သည်။
ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးမှာ ကျင့်သုံးလာခဲ့ပြီး မီဒီယာနည်းပညာများ
ပေါက်ကွဲတိုးတက်လာချိန်မှာ ပိုမိုအားကောင်းလာခဲ့သည့်
“ဆယ့်နှစ်ကြိုးကဝေနည်းလမ်း”များဟု ပြောရမည်။
Character
Assassination ကို လူပုဂ္ဂိုလ်အမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးက
နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး ပြုလုပ်လေ့ရှိသည်။
နိုင်ငံရေးပါတီတစ်ခုက ပြိုင်ဘက်ပါတီခေါင်းဆောင်၏ ဂုဏ်သိက္ခာကို
လုပ်ကြံသတ်ဖြတ်သည်။ ကမ္ဘာ့သမိုင်းမှာ အာဏာရှင်များက
တော်လှန်ရေးခေါင်းဆောင်များကို အပုပ်ချကြသည်။ အတိုက်အခံများကလည်း
အာဏာရအစိုးရအဖွဲ့ဝင်များ၏ လူထုယုံကြည်မှုကို တိုက်ခိုက်ချေမှုန်းကြသည်။
ထင်ရှားကျော်ကြားသူတစ်ဦးဦးကို သူ့ပြိုင်ဘက်များကလည်း မမှန်သတင်းများ
လုပ်ကြံဖြန့်ဝေကြသည်။ နောက်ဆုံး လူသာမန် ပြည်သူများကပင်
ကိုယ်မမြင်ဖူးသူတစ်ဦးဦး (သို့မဟုတ်) ကိုယ်မနှစ်သက်သူ လူမျိုးတစ်မျိုး၏
ဂုဏ်သိက္ခာကို အွန်လိုင်းပေါ်မှာ Enter တစ်ချက်ခေါက်ခြင်းဖြင့်
ချေမှုန်းလေ့ရှိကြသည်။
ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်ခြင်းသည်
အမှန်အမှားက အဓိကမဟုတ်။ ရန်သူကို အမြစ်ဖြတ်အနိုင်ယူခြင်းက အဓိကဆိုသည့်
အောက်လမ်းနည်းဖြစ်သည်။ ဘောလုံးစကားနှင့်ပြောရလျှင် ဒိုင်လူကြီးမျက်ကွယ်မှာ
တစ်ဖက်ကစားသမား၏ ပေါင်ကြားကို ကန်ခြင်းဖြစ်သည်။ တရုတ်သိုင်းဝတ္ထုစကားနှင့်
ပြောလျှင်တော့ အနက်ရောင်သိုင်းသမားတို့၏ လက်နက်ပုန်း။
Character
Assassination လုပ်သည့်အခါ D လေးလုံးနည်းလမ်းကို အသုံးပြုကြသည်ဟု
ကျွမ်းကျင်သူများက ဆိုကြသည်။ ပထမဆုံး D ကတော့ Discredit ဖြစ်သည်။
အစွပ်စွဲခံရသူကို အသုံးမကျသူ၊ ဦးမဆောင်နိုင်သူ၊ အရည်အသွေးမရှိသူအဖြစ်
ပုံဖော်ခြင်းဖြစ်သည်။
ဒုတိယ D ကတော့ Defamation ဖြစ်သည်။
မိမိတိုက်ခိုက်လိုသူ၏ဂုဏ်သရေကို မဟုတ်မမှန် လုပ်ကြံဖျက်ဆီးခြင်းဖြစ်သည်။
တတိယ D ကတော့ Demonize ။ ရန်သူကို မကောင်းဆိုးဝါးအသွင်၊
ကောက်ကျစ်ယုတ်မာသူအသွင်အဖြစ် ပုံဖျက်ခြင်းဖြစ်သည်။
စတုတ္ထ D ကတော့ Dehumanize ။ ရန်သူကို လူသားမဆန်သည့်၊ လူသားအဆင့်မရှိသည့် အရာတစ်ခုအဖြစ် ပုံဖော်ခြင်းဖြစ်သည်။
Character Assassination တွင်ကျယ်လာသည့် လူ့အဖွဲ့အစည်းတစ်ခုမှာ
ကြီးမားသောအကျအဆုံး သုံးမျိုးရှိသည်။ ပထမအကျအဆုံးက စတုတ္ထမဏ္ဍိုင်ဖြစ်သည့်
မီဒီယာ၏ဂုဏ်သိက္ခာဖြစ်သည်။ လူထုမီဒီယာများ အားကောင်းလာသည့် ခေတ်သစ်မှာ
ဂုဏ်သိက္ခာကို လုပ်ကြံသူများက မီဒီယာကို ထိုးဖောက်အသုံးချလာကြသည်။
သတိတမံအားနည်းသည့် သတင်းထောက်များနှင့် စာတည်းများ၏ ကလောင်သွားအကြားမှာ
သတင်းစာများ အ၀ါရောင်သမ်းလာလေ့ရှိသည်။
ဒုတိယအကျအဆုံးကတော့
ပြည်သူလူထု၏အမှန်တရားကိုသိခွင့် (Right to Know)ဖြစ်သည်။ လိမ်ညာမှု၊
ဝါဒဖြန့်ချိရေးနှင့် ကောလာဟလများက ပြည်သူတို့၏ အခြေခံအခွင့်အရေးဖြစ်သည့်
အမှန်တရားကို သိခွင့်အပေါ်မှာ အဓမ္မကျင့်ခြင်း ဖြစ်သည်။
တတိယအကျအဆုံးကတော့ သက်ဆိုင်ရာလူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုဖြစ်သည်။
အကြီးမားဆုံးနှင့် နှမြောစရာအကောင်းဆုံး ဆုံးရှုံးမှုလည်းဖြစ်သည်။
မဟုတ်မမှန်လုပ်ကြံမှုများနှင့် မတရားသည့်ယှဉ်ပြိုင်မှုနည်းလမ်းများ
ဖောင်းပွလာမှုက လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုကို ညစ်ညမ်းစေသည်။
လူတို့၏ဆင်ခြင်နိုင်စွမ်းကို လျှော့ချသည်။ အမှန်တရားကိုသေးသိမ်အောင်
ပြုလုပ်ခြင်းဖြင့် မှန်ကန်ထက်မြက်သူများ လူ့အဖွဲ့အစည်း၏ အရေးပါသောနေရာကို
ရောက်မလာအောင် တားမြစ်ပါသည်။
ခေတ်သစ်နိုင်ငံရေးသမိုင်းမှာတော့
အမေရိကန်သမ္မတဘီလ်ကလင်တန်ကို Character Assassination ပြုလုပ်ဖို့
ကြိုးစားသည့် ရီပက်ဘလေကန်ပါတီဝင်အချို့၏လုပ်ရပ်က ထင်ရှားသည်။
ကလင်တန်ကို ဖြုတ်ချဖို့အတွက် လိမ်ညာစွပ်စွဲမှုများ၊ အကွက်ဆင်မှုများနှင့်
မှားယွင်းမှုအသေးအမွှားများကို ပုံကြီးချဲ့ဝေဖန်မှုများ ဖြစ်သည်။
နောက်ပိုင်းမှာ စုံစမ်းထောက်လှမ်း သတင်းစာဆရာနှစ်ဦးဖြစ်သည့်
ဂျိုးကိုနာဆန်နှင့် ဂျင်းလီယွန်တို့က “သမ္မတကိုအမဲလိုက်ခြင်း” (The Hunting
of the President)စာအုပ်မှာ ဖွင့်ချခဲ့ကြသည်။
အမေရိကန်သမ္မတဂျွန်ဆင် လက်ထက်မှ ဗီယက်နမ်စစ်ပွဲဆိုင်ရာ
သတင်းအချက်အလက်များကို သတင်းစာများထံ ဖွင့်ချသည့်အတွက် ပင်တဂွန်ဝန်ထမ်း
ဒင်နီယယ်အဲလ်စဘက်ဂ်ကို စိတ်မနှံ့သူတစ်ဦးအဖြစ် ပြည်သူများကြားမှာ
အမေရိကန်အစိုးရက Character Assassination ပြုလုပ်ခဲ့ဖူးသည်။
နိုင်ငံရေးဒီရေမြင့်လာသည့်အခါ ဂုဏ်သိက္ခာလုပ်ကြံမှုများကို ပိုသတိထားဖို့ လိုအပ်လာသည်။
မှန်ကန်ဖြောင့်မတ်စွာ ယှဉ်ပြိုင်ရဲသည့် စိတ်ဓာတ်၊ ကျင့်ဝတ်နှင့် သစ္စာကို
အခြေခံသည့် နိုင်ငံရေးနှင့် ရဲရင့်တည်ကြည်သည့် မီဒီယာစနစ်ကို
အားလုံးတည်ဆောက် လိုက်နာကြဖို့လိုသည်။ လူတစ်ဦးစီ၏ဂုဏ်သိက္ခာကို လေးစားသည့်
တန်ဖိုးထားမှုစနစ် လိုသည်။ လုပ်ကြံတိုက်ခိုက်သည့် အလေ့အထကို
ရန်သူမိတ်ဆွေမရွေး ဆန့်ကျင်ရဲသည့် စိတ်ဓာတ်ခွန်အားလိုသည်။
ကောလာဟလတစ်ခုနှင့် သတင်းတစ်ပုဒ်ကို မှန်ကန်စွာပိုင်းခြားတတ်သည့်
ရင့်ကျက်မှုလိုသည်။ လူမှုမီဒီယာနှင့် ထက်မြက်သည့် မီဒီယာနည်းပညာကို
ကျင့်ဝတ်ဖြင့် အသုံးချတတ်သည့် အလေ့အထလိုသည်။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို မှန်ကန်စွာ ပြန်လည်တည်ဆောက်ကြဖို့ ကျွန်တော်တို့အားလုံး သဘောထားကြီးဖို့ လိုပါသည်။
သင့်တည်ကြည်မှုကို သင့်လူ့အဖွဲ့အစည်းက အလိုရှိနေပါသည်။ ။
Read more...

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံအနှံ့တွင်
ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကာ ယင်းဖောက်ခွဲမှုတွင်
အဓိကတာဝန်ရှိသူ နေတိုး(ခ) စောရွှေတိုးမှာ KNU တပ်မဟာ(၅) နယ်မြေရှိ
မြို့နယ်အဆင့် စီးပွားရေးတာဝန်ခံဖြစ်ကြောင်း KNU က အတည်ပြုလိုက်သည်။
ထို့ကြောင့် ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌနှင့် ကာကွယ်ရေးဝန်ကြီးအပါအ၀င်
ဗဟိုအလုပ်အမှုဆောင်များသည် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် တပ်မတော်မှ
ဒုဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဗိုလ်ချုပ်ကျော်ဆွေတို့နှင့်
လာရောက်တွေ့ဆုံခဲ့သည်။ ထို့အပြင် ဖမ်းဆီးခံရသူများနှင့် လေးနာရီနီးပါးကြာ
တွေ့ခွင့်ရပြီးနောက် အောက်တိုဘာ ၂၁ ရက်တွင် ရန်ကုန်မြို့၌
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ဖမ်းဆီးရမိသူများနှင့်
တွေ့ဆုံမေးမြန်းခွင့်ရခဲ့သော ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်
ဖဒိုမန်းငြိမ်းမောင်အား ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍
တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး-
ကရင်အမျိုးသားအစည်းအရုံး(KNU)က တာဝန်ရှိတဲ့လူတွေအနေနဲ့
ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေနဲ့
တွေ့ဆုံမေးမြန်းခွင့်ရတယ်ဆိုတော့ သူတို့က ဘာများပြောကြားခဲ့ပါလဲ။
ဖြေ- သူလုပ်ခဲ့တဲ့အတိုင်း ရိုးရိုးသားသားဝန်ခံတယ်။ သူ့အလုပ်ရှင်ရဲ့သြဇာကို
မလွန်ဆန်နိုင်လို့ လုပ်တဲ့သဘောရှိတယ်လေ။ မြဖူးကုမ္ပဏီက အလုပ်သမားလေ။
မြဖူးကုမ္ပဏီက အလုပ်သမားဆိုတော့ အဲဒီအိမ်မှာလည်းနေတယ်။
ကိုယ့်အိမ်ကအလုပ်သမားကို ကိုယ်ခိုင်းတဲ့သဘောပါ။ အိမ်ကအလုပ်သမားကို
ခိုင်းသလိုခိုင်းတာပါ။ လမ်းစရိတ်ပဲ ငွေငါးသိန်း(ကျပ်) ပေးတယ်လေ။
သူတို့ပြောတာတော့ စီးပွားရေးကိစ္စကို အကြောင်းပြတာပေါ့။ သူ့ကို
ဒီလိုသင်ပေးလိုက်တာပေါ့။ ဒီလိုဗုံးခွဲမှ တရုတ်တွေ ဘာတွေ
ရင်းနှီးမြှုပ်နှံမှုမ၀င်ရဲမှာ။ ဒါကို ကျွန်တော်သုံးသပ်လိုက်တော့
ဒါကအပေါ်ယံကိစ္စပဲ။ ရည်ရွယ်ချက်ကိုတော့ ဒီကလေး နားလည်နိုင်တဲ့အဆင့်မရှိဘူး။
နိုင်ငံရေးစကားတောင် မပြောတတ်ဘူး။
မေး- ဒါဆိုရင် ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ ဖထီးတို့ သုံးသပ်ပါသလဲ။
ဖြေ- ကျွန်တော်တို့သုံးသပ်မှုက နောက်ကွယ်မှာ ရည်ရွယ်ချက်ရှိတယ်။ သူကတော့
သူလုပ်တဲ့ဖြစ်စဉ်ပဲ ပြောပြတယ်။ အာနန္ဒာဘုရားတို့၊ ကောင်းမှုတော်ဘုရားတို့
သွားလေ့လာတာကို ပေါ်အောင်မေးကြည့်တော့ သူ့မှာအိတ်တစ်လုံးပါတယ်။
ဘယ်တော့မှမချဘူး။ ကားရပ်ရင်လည်း မဆင်းဘူး။ တော်တော်လေးကြာမှ သူကဆင်းတယ်။
သူအရေးကြီးတဲ့ ပြုမူလှုပ်ရှားမှုဆိုရင် သူ့ကို ကားမောင်းပို့တဲ့လူကို
တစ်နေရာသွားခိုင်းတယ်။ စစ်ကိုင်းတောင်ရိုးသွားတယ်။ ကောင်းမှုတော်တို့၊
ဆွမ်းဦးပုညရှင်တို့ သွားတဲ့အချိန်လဲ ဒီအတိုင်းပဲ။ သူ့အမူအရာက
ပေါ်သွားပြီလေ။ ဒေသန္တရဗဟုသုတအတွက် သွားတာမဟုတ်ဘူး။ အခု သူသုံးမယ့်ဗုံးတွေက
လေးနာရီခံတာရှိတယ်။ ခြောက်နာရီခံတာရှိတယ်။ ရှစ်နာရီ၊ ၂၄ နာရီ၊ ၄၈ နာရီ။
သူ့ပလတ်ထဲထိုးထည့်ရုံပဲ။ အရင်တုန်းကလိုမခက်ဘူး။ နည်းပညာကမြင့်တယ်လေ။
အခြေအနေပေးရင် ချိတ်ထားရုံပဲလေ။ ကျွန်တော်တို့ အဲဒီအစရကတည်းက
ပေါ်အောင်မေးတယ်လေ။ သွားတဲ့လူက ဗုဒ္ဓဘာသာတစ်ယောက်မဟုတ်ဘူး။ တကယ်
ကမ္ဘာလှည့်ခရီးသွားတွေများတဲ့ ပုဂံလိုနေရာမျိုးမှာ ခရီးသွားတွေ
လန့်သွားအောင်လုပ်မယ်၊ တိုင်းပြည်လန့်သွားအောင် လုပ်မယ်၊
တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်မယ်ဆိုတော့
နိုင်ငံရေးရည်ရွယ်ချက်က တော်တော်ကြီးကြီးမားမား ရှိသွားပြီ။ ရည်ရွယ်ချက်နဲ့
ပြုမူလှုပ်ရှားတယ်ဆိုတာပေါ်တယ်။ အဲဒါကြောင့် ဒါကိုပြောရဲတာလေ။
အာနန္ဒာကျတော့လိုဏ်ဘုရား။ အများကြီးလုပ်လို့ ကောင်းတယ်။ တကယ်လို့သာ
ကြီးမားတဲ့ပေါက်ကွဲမှုဆိုရင် ဘုရားကြီးပြိုကျသွားမှာ။ ဘုရားပြိုကျသွားရင်
ဗုဒ္ဓဘာသာတစ်ရပ်လုံး ရင်ထုမနာဖြစ်ပြီလေ။ ဘာပဲဖြစ်ဖြစ် ဒေါသထွက်ပြီးတော့
မွတ်ဆလင်ဘာသာဝင်တွေပဲ တန်းမြင်မှာပဲ။ ကောင်လေးကို ရွှေတိဂုံဘုရားကို
ခွဲခိုင်းတယ်လေ။ လုပ်တဲ့သူက သူကိုယ်တိုင်လုပ်ရင် ခွဲဖြစ်မှာပေါ့။ ကောင်လေးက
မလုပ်ရဲလို့။ အီဒ်နေ့ကို ပစ်မှတ်ထားတယ်လေ။ အရပ်သားစကားနဲ့ပြောရင်တော့
ခဲတစ်လုံးထဲနဲ့ငှက်နှစ်ကောင်ကို ပစ်တာလေ။ မွတ်ဆလင်ဘာသာဝင်တွေကို
ဗုဒ္ခဘာသာဝင်တွေက မုန်းတီးပြီးသားဖြစ်သွားပြီလေ။ ဆီးဂိမ်းကလည်း
မကြာခင်လာတော့မယ်လေ။ အာဆီယံဥက္ကဋ္ဌလည်းဖြစ်မယ်။ ဒီတိုင်းပြည်က
တည်ငြိမ်မှုမရှိဘူး၊ လုံခြုံမှုမရှိဘူးကိုပြချင်တာ။
နိုင်ငံရေးရည်ရွယ်ချက်ဆိုတာ ဒါကိုဆိုလိုတာလေ။ နောက်တစ်ခုက
ငြိမ်းချမ်းရေးပျက်စီးအောင်၊ တိုင်းရင်းသားတွေနဲ့ သံသယပိုကြီးထွားအောင်၊
ယုံကြည်မှုပျက်ပြားအောင်လုပ်တာ။
နောက်တစ်ခုကတော့
ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်အောင်လုပ်တာပဲ။ မနေ့က ကျွန်တော်
သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြီ။ KNU ပေါ်လစီမှာကိုက ကွန်ဂရက်မှာကိုက
ငြိမ်းချမ်းရေးတည်ဆောက်မယ်၊ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဖြေရှင်းမှု။ ဒါက
ကျွန်တော်တို့ကွန်ဂရက်ကချထားတဲ့ နိုင်ငံရေးသဘောထား။ ဒါကြောင့် ကျွန်တော်
ရဲရဲကြီးပြောရဲတယ်။ KNU က ဒါမျိုးလုပ်ဖို့ လုံးဝသဘောထားမရှိဘူး။
ဒါမျိုးဖြစ်မှာတောင် ကျွန်တော်တို့စိုးရိမ်တယ်။ ကျွန်တော်တို့ပဲ
အထင်ခံရမယ်လေ။ သမိုင်းအစဉ်အဆက် ထစ်ခနဲဆို ကျွန်တော်တို့ကို တံဆိပ်ကပ်ခဲ့တဲ့
အစဉ်အလာရှိတယ်လေ။ အစဉ်အလာရှိတော့ ဒီအချိန်မှာ ဒါမျိုးဖြစ်မှာ
စိုးရိမ်နေတယ်။ လုပ်ဖို့သဘောထားကို မပြောနဲ့၊ ပေါ်လစီကိုက
စားပွဲပေါ်မှာဖြေရှင်းမယ်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့
ဖြေရှင်းမယ်၊ တွေ့ဆုံဆွေးနွေးရေးလုပ်ရမယ်၊ ငြိမ်းချမ်းရေးတည်ဆောက်မယ်။
မေး- ဖမ်းဆီးရမိသူတွေနဲ့ လွတ်မြောက်နေတဲ့ နေတိုးတို့က KNU နဲ့ ဘယ်လိုပတ်သက်မှုရှိလဲ။
ဖြေ- ကျွန်တော်တို့နယ်ထဲမှာ စီးပွားရေးသွားလုပ်နေတဲ့သူတွေပေါ့။ ဥပမာ
မြဖူးကုမ္ပဏီက မြဖူးနဲ့တွေ့ခဲ့တယ်။ သူကတော့ စီးပွားရေးသမားပဲ။ လူရည်လည်တယ်။
နောက်ပြီးတော့ ကားမောင်းပို့တဲ့လူကတော့ သူဋ္ဌေးကခိုင်းတော့
ကားမောင်းပို့ရတာပေါ့။ ကားမောင်းပို့တဲ့လူက ခေတ်ပညာတတ်။ သူကတော့ အရိုးခံပါ။
သူဘာမှမသိဘူး။ ပူးပေါင်းကြံစည်တဲ့အထဲမှာ သူမပါဘူး။ ရွှေဖူးကုမ္ပဏီက
ရွှေလုပ်တာအမြတ်မရှိဘူး။ ရှုံးနေတယ်။ သူလည်း စိတ်မ၀င်စားဘူးလို့ ပြောတယ်။
သူလုပ်တာ သုံးနှစ်လောက်ရှိပြီ။ တပ်မဟာ ၅ နယ်မြေမှာ သူ ရွှေတူးတယ်။
စောနေတိုးက ကျွန်တော်တို့ရဲ့ စီးပွားရေးတာဝန်ခံမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့
စီးပွားရေးတာဝန်ခံက ဗဟိုမှာဆိုရင် စောတာတိုမှူးလို့ခေါ်တယ်။
စီးပွားရေးတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်။ နေတိုးက အာဏာပိုင်တွေပြောမှသိတာ။
ကျွန်တော်တို့လည်း အရင်တုန်းကမသိဘူး။ ခရိုင်အဆင့်တောင် မဟုတ်ပါဘူး။
မြို့နယ်အဆင့်တောင် ပီပီပြင်ပြင်မရှိပါဘူး။ အောက်ခြေပေါ့ဗျာ။ အောက်ခြေအဆင့်
အစိတ်အပိုင်းတစ်ခုပါပဲ။ တကယ်လုပ်တဲ့ကလေးက ကုန်သည်ကြီးများဟိုတယ်မှာ
လုပ်တုန်းက ခိုင်းတဲ့လူက ခုတင်အောက်မှာ ကပ်ခိုင်းတာ။ ခုတင်အောက်ကို
ကပ်ခိုင်းတဲ့အခါကျတော့ သူကစဉ်းစားတယ်။ ခုတင်အောက်ကိုကပ်ရင်
လူသေတော့မှာပဲဆိုပြီး ရေချိုးခန်းထဲက မျက်နှာသစ်တဲ့ခွက်အောက်မှာ
သွားချိတ်ထားတာ။ ခုတင်အောက်ဆို ကျိန်းသေပေါက်လူသေတယ်။ ကောင်လေးက
အသိတရားတော့ရှိတယ်။
မေး- အစိုးရနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့အခါ
လက်ရှိ ဒုတိယစစ်ဦးစီးချုပ်ဖြစ်တဲ့ တပ်မဟာ ၅ ရဲ့ အကြီးအကဲက
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဗဟိုနဲ့သဘောထားကွဲလဲမှုရှိတယ်လို့
ငြိမ်းချမ်းရေးအကျိုးဆောင်တွေက သုံးသပ်ကြတာရှိတယ်။ နောက် ဒီဖြစ်စဉ်ကလည်း
တပ်မဟာ(၅)နယ်မြေထဲက လူတွေဖြစ်နေတော့ ဒါနဲ့ပတ်သက်ပြီး ဖထီးတို့
ဘာများပြောချင်ပါသလဲ။
ဖြေ- တစ်စိတ်တစ်ပိုင်း ဟုတ်ပါတယ်။
ကျွန်တော်တို့ ၂၀၁၂ ခုနှစ် လက်မှတ်ထိုးတုန်းက တပ်မဟာ(၅)က မထိုးဘူးလေ။
မထိုးဘူးဆိုတော့ မယုံကြည်တဲ့အထဲမှာ ပါတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ပြောတာက
အပြုသဘောနဲ့ပြောတာပါ။ အဖွဲ့အစည်းဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့မှာ
တာဝန်ရှိတယ်လေ။ သူတို့ကို သဘောပေါက်အောင်၊ နားလည်အောင် စည်းရုံးဖို့
ကျွန်တော်တို့မှာ တာဝန်ရှိတယ်လေ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေပဲ။
ရန်သူမှမဟုတ်တာ။
မေး- အရင်တုန်းကတော့ အခုလိုပေါက်ကွဲမှုတွေဖြစ်ရင်
အစိုးရက KNU ကို လွှဲချတာများတယ်။ အခုကျတော့ အဲဒီလိုမဟုတ်ဘဲ KNU က
ဖမ်းဆီးခံထားရတဲ့လူတွေနဲ့ လာတွေ့တယ်၊ နောက်ပြီး သတင်းစာရှင်းလင်းပွဲ
လုပ်တယ်ဆိုတော့ ဒီပြောင်းလဲမှုအပေါ်ကိုလည်း ဖထီး သုံးသပ်ပေးပါဦး။
ဖြေ- ကျွန်တော်တို့က အရင်တုန်းက စစ်မြေပြင်မှာ စာရင်းရှင်းတာလေ။
စစ်မြေပြင်မှာ စာရင်းရှင်းတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင်
ဦးတဲ့လူကပစ်ရတဲ့အခြေအနေလေ။ အခုက စားပွဲဝိုင်းမှာရှင်းနေပြီ။
စားပွဲဝိုင်းမှာရှင်းနေပြီဆိုတော့ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်နေတဲ့
နိုင်ငံရေး။ အခုလိုဖြစ်ရင် ကျွန်တော်တို့က ချက်ချင်းတွေ့ရမယ်။
ချက်ချင်းဖြေရှင်းရမယ်။ တစ်ဦးနဲ့တစ်ဦး သံသယရှင်းအောင် လုပ်ရမယ်။
ယုံကြည်မှုတည်ဆောက်တဲ့ဖြစ်စဉ်ကို ဖြတ်နေတဲ့အချိန်
ငြိမ်းချမ်းရေးတည်ဆောက်မှုကို တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနေတဲ့အချိန်မှာ
ဒါမျိုးအထိအခိုက်မခံဘူး။ ဒါကြောင့် အခုလိုမျိုး ချက်ချင်းရှင်းတာပေါ့။
မေး- ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အစိုးရနဲ့ လက်ရှိဆောင်ရွက်ထားတဲ့
ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စိုးရိမ်မှုတွေရှိကြပါတယ်။
ဒီလိုစိုးရိမ်တဲ့လူတွေကို ဘာများပြောချင်ပါလဲ။
ဖြေ-
ကျွန်တော်တို့လည်း စိုးရိမ်တယ်။ ကျွန်တော်တို့ ဒီဖြစ်စဉ်ကို လေ့လာပြီးတော့
ဗဟိုပိုင်းမှာရှိတဲ့ CEC တွေနဲ့ ခရီးလွန်နေတဲ့ CEC ကလွဲလို့ ကျွန်တော်တို့
ဥက္ကဋ္ဌရယ်၊ စစ်ဦးစီးချုပ်ရယ်၊ ငါးယောက်အရေးပေါ်အစည်းအဝေးလုပ်ပြီးတော့
ကျွန်တော် အကြံပြုတယ်။ ဒီအချိန်မှာ ဥက္ကဋ္ဌကြီးအနေနဲ့ အစိုးရနဲ့တွေ့သင့်တယ်။
KNU ရဲ့သဘောထားကို သွားရှင်းပြသင့်တယ်။ ဒါကို ဥက္ကဋ္ဌကြီးက လက်ခံတဲ့အတွက်
နေပြည်တော်ကို ချက်ချင်းသွားပြီး အောက်တိုဘာ ၁၉ ရက် လပြည့်နေ့ကပေါ့။
လပြည့်နေ့ဆိုတော့ သမ္မတကြီးက ဥပုသ်စောင့်တယ်။ ကန်တော့ခံဖို့ရှိတာကြောင့်
မလာအားဘူး။ သူက သတင်းစကားပါးလိုက်တယ်။ ငြိမ်းချမ်းရေးကို ထိခိုက်မခံဘူး။
ငြိမ်းချမ်းရေးကို မရရအောင်တည်ဆောက်မယ်လို့ သမ္မတကြီးက ပြောလိုက်တယ်။
တပ်မတော်ကလည်း ဒီဖြစ်စဉ်မှာ KNU ကို အမြင်ရှင်းတယ်။ KNU မလုပ်ဖူးဆိုတာကို
ကျွန်တော်တို့ ယုံကြည်တယ်လို့ သတင်းစကားပါးတယ်။ နှစ်ဦးနှစ်ဖက် ယုံကြည်မှုက
ပိုပြီးရှင်းသွားတယ်လေ။ ကျွန်တော်တို့ရဲ့သဘောထားကလည်း ငြိမ်းချမ်းရေးကို
ဆက်ပြီးလုပ်ကြမယ်ဆိုတော့ အမြင်တူကြတယ်လေ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး
တိုင်းပြည်ကို ပြောချင်တာက စိုးရိမ်ကြောင့်ကြမှုမရှိဖို့ပါ။ အစိုးရဘက်ကရော
ကျွန်တော်တို့ဘက်ကပါ အမြင်ရှင်းတယ်လေ။
မေး- ကျန်ရှိနေသေးတဲ့ တရားခံတွေ ဖမ်းဆီးရမိဖို့ နောက်နောင်ဒါမျိုးမဖြစ်အောင် ဘယ်လိုဆောင်ရွက်ဖို့ အစီအစဉ်ရှိပါသလဲ။
ဖြေ- ကျွန်တော်တို့အပိုင်းကကျတော့ ပြန်ပြီးစိစစ်ရမယ်။ အစိုးရထုတ်ပြောတဲ့
နာမည်တွေနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌကြီးပြန်သွားပြီလေ။ သူတို့
လိုအပ်တဲ့ဆောင်ရွက်မှုတွေ လုပ်လိမ့်မယ်။ မကြာခင်ကာလမှာ အရေးပေါ် CEC
(ဗဟိုအလုပ်အမှုဆောင်) အစည်းအဝေးထိုင်မယ်။ သုံးသပ်မယ်။
လက်တွေ့အရေးယူဆောင်ရွက်မှုတွေလုပ်မယ်။ နောက်မဖြစ်အောင် တင်းတင်းကျပ်ကျပ်
ညွှန်ကြားမယ်လေ။ မနာခံရင် တင်းတင်းကျပ်ကျပ်အရေးယူမယ်။
မေး- ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူလူထုကို ဘာများပြောချင်ပါသလဲ။
ဖြေ- ကျွန်တော်တို့ နောက်ထပ် ၀မ်းနည်းစရာအဖြစ်မျိုးမဖြစ်အောင်
တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားမယ်။ အဓိကပြောချင်တာက ဒီနေ့ကာလမှာ
အစွန်းရောက်တဲ့ နိုင်ငံရေးသဘောထားတွေ၊ အစွန်းရောက်တဲ့ ဘာသာရေးသဘောထားတွေ၊
အစွန်းရောက်တဲ့ လူမျိုးရေးသဘောထားတွေနဲ့ တိုင်းပြည်ကို ဘာမှလုပ်လို့မရဘူး။
ဆွေးနွေးလို့မရဘူး။ ဒါသိပ်အရေးကြီးတယ်။ အပြုသဘောဆောင်တဲ့ သဘောထားနဲ့
သွားမှသွားလို့ရမယ်။
အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
7Day News Journal
Read more...

မိသားစုဘ၀တစ်လျှောက်တွင် စားဝတ်နေရေးအတွက် အခက်ခဲဆုံးအချိန်နှင့်
ရင်ဆိုင်ကြုံတွေ့နေရသည်ဟု အောင်မြင်သာစံပြကျေးရွာမှ အသက် (၅၀)အရွယ်
ဦးနော်တန် (အမည်လွှဲ)ကဆိုသည်။
ဦးနော်တန်တို့မိသားစုသည် မြစ်ဆုံ(မလိဇွပ်) ကျေးရွာတွင် ဘိုးစဉ်ဘောင်ဆက်
နေထိုင်ကြသူများဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်ကမှ
အောင်မြင်သာစံပြကျေးရွာသို့ ပြောင်းရွှေ့လာရခြင်းဖြစ်သည်။
ဦးနော်တန်တို့ရွာနှင့် တန်ဖဲကျေးရွာသည်
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ပထမဦးဆုံးဖယ်ရှားခံရသည့်
ရွာများလည်းဖြစ်သည်။
မြစ်ဆုံစီမံကိန်းကြောင့် ရေ၀ပ်မည့်ဧရိယာတွင်
ကျေးရွာပေါင်း ၄၉ ရွာနှင့် လူဦးရေ ၁၈၀၀၀ ခန့် နေထိုင်လျက်ရှိသည်။ ယင်းထဲမှ
မြစ်ဆုံ (မလိဇွပ်) တန်ဖဲနှင့် လဖျဲရွာတို့ကို ၂၀၁၁ ခုနှစ် မေလဆန်းက
အောင်မြင်သာ စံပြကျေးရွာသို့ ပြောင်းရွှေ့နေရာချထားခဲ့ခြင်း ဖြစ်သည်။
သူတို့ ယခုနေထိုင်ရာ အောင်မြင်သာစံပြကျေးရွာသည် ၂၀၀၆ ခုနှစ်
ကျိန်ခရန်ရေကာတာ ကျိုးပေါက်စဉ်က ရေတိုက်စားမှုကြောင့် ကျန်ရစ်ခဲ့သည့်
လွင်ပြင်တစ်ခုဖြစ်သည်။ ကျောက်သားများဖုံးလွှမ်းနေပြီး ကျိန်ခရန်ချောင်း
တောင်ကျရေစီးဆင်းသည့် လမ်းကြောင်းပေါ်တွင်လည်း တည်ရှိနေသည့်
နေရာတစ်ခုဖြစ်သည်။ အောက်ခြေကျောက်သားများကြောင့် မြေဆီလွှာအခြေအနေမှာ
မည်သည့်အပင်မဆို စိုက်ပျိုး၍မရနိုင်ဟုလည်း အောင်မြင်သာရွာသားများကဆိုပါသည်။
အောင်မြင်သာရွာဝန်းကျင်တွင်လည်း ကုမ္ပဏီကြီးများ၏ မြေနေရာများ၊
စီမံကိန်းနယ်မြေများသာ တည်ရှိသဖြင့် ယခင်ရွာဟောင်းမှာကဲ့သို့ လွတ်လပ်စွာ
ရှာဖွေစားသောက်ရန် အခက်အခဲရှိသည်ဟု ဒေသခံများက ညည်းညူကြပါသည်။
“အခုနေနေရတာ လှောင်အိမ်ထဲမှာ ပိတ်မိနေသလိုပဲ လုပ်စားဖို့အရမ်းခက်ခဲတယ်”ဟု ဦးနော်တန်က စိတ်ပျက်လက်ပျက်ဖြင့်ဆိုပါသည်။
ယင်းအခြေအနေများကြောင့်ပင် သားသမီးခုနစ်ဦး၏ဖခင် ဦးနော်တန်တစ်ယောက်
မိသားစုစားဝတ်နေရေး ဖြေရှင်းနိုင်ရန် မိုင် ၃၀ ခန့် ဝေးသည့်
ဝိုင်းမော်မြို့နယ်ဘက်သို့ နေ့စဉ်တောင်ယာသွားလုပ်နေရခြင်းဖြစ်သည်။
အချို့သောသူများမှာလည်း ရှာဖွေစားသောက်ရန် လွယ်ကူသည့် သူတို့
ယခင်နေထိုင်ရာ ရွာဟောင်းများသို့ နေ့စဉ်သွားရောက်၍ စိုက်ပျိုးခြင်း၊
သီးနှံရှာဖွေခြင်းနှင့် ငါးဖမ်းခြင်းတို့ကို ပြုလုပ်နေကြရသည်။
ယခင်ရွာဟောင်းများတွင် ပြန်လည်နေထိုင်ပြီး ရှာဖွေစားသောက်နေသူ
များလာသည့်အတွက်လည်း သူတို့သားသမီးများကို တန်ဖဲရွာဟောင်းမှ
နေ့စဉ်သုံးဘီးဆိုင်ကယ် စုငှား၍ အောင်မြင်သာရွာသို့ ကျောင်းပို့ပေးနေရသည်ဟု
ဒေသခံများကဆိုပါသည်။
ရွာဟောင်းများသို့ပြန်၍ ရှာဖွေစားသောက်သူ ၂၂
ဦး ၂၀၁၂ ခုနှစ်အတွင်းက ဖမ်းဆီးအရေးယူခြင်း ခံခဲ့ရသည်။ သို့သော်လည်း
ဒေသခံများစုပေါင်း၍ နိုင်ငံတော်သမ္မတအထိ တင်ပြပြီးသည့်နောက်တွင်
ရွာဟောင်းများသို့ပြန်၍ ရှာဖွေစားသောက်ခြင်းကို အရေးယူခြင်းမပြုတော့ပါ။
အိမ်ထောင်စု ၃၁၇ စု၊ လူဦးရေ ၂၁၀၀ ကျော် နေထိုင်သည့်
အောင်မြင်သာစံပြကျေးရွာတွင် လတ်တလောရင်ဆိုင်နေရသည့် အခက်အခဲမှာ
အိမ်သာအခြေအနေပင် ဖြစ်သည်ဟု ဒေသခံများကရင်ဖွင့်သည်။
“ဒီမှာကြည့်
တွင်းကပြည့်နေပြီ။ တူးစရာနေရာမရှိဘူး။ စကတည်းက အဖြစ်လုပ်ပေးထားတာ”ဟု
ဦးနော်တန်က ခနော်ခနဲ့အိမ်သာနှင့် ပြည့်လျှံနေသောတွင်းကို ညွှန်ပြရင်းက
ညည်းတွားပါသည်။
မိုးတွင်းကာလတွင် ရေ၀ပ်သည့်အတွက် တစ်အိမ်မှ
အညစ်အကြေးများ အခြားအိမ်ထဲသို့ စီးမျောလာသည်ဟုလည်း
အောင်မြင်သာစံပြကျေးရွာသားများက ရင်ဖွင့်သည်။
ယင်းကဲ့သို့
အခြေအနေများကြောင့် ငှက်ဖျားနှင့် ၀မ်းရောဂါများ ဖြစ်ပွားမှုနှုန်းမှာ
အောင်မြင်သာစံပြကျေးရွာတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားလာနေသည်။
မူလကပင် စားဝတ်နေရေးပြဿနာကို နေ့စဉ်ရင်ဆိုင်ဖြေရှင်းနေရသည့်
အောင်မြင်သာစံပြရွာသားများအတွက်မူ ကျန်းမာရေးအခက်အခဲမှာ
ဘူးလေးရာဖရုံဆင့်ခြင်းပင် ဖြစ်နေတော့သည်။ တိုက်နယ်ဆေးရုံတစ်ရုံ ရှိသော်လည်း
စားဖို့ပင်အနိုင်နိုင်ဖြစ်နေသော ရွာသားများမှာ ရောဂါဖြစ်လျှင်ပင်
ဆေးခန်းပြရန် အခက်အခဲကြုံနေခဲ့ရသည်။
“ဆေးခန်းက ဈေးကြီးလွန်းတယ်။
မတတ်နိုင်သူတွေက မှတ်ပုံတင်ထားခဲ့ရတယ်။ တစ်ပတ်အတွင်းသွားမရွေးရင်
အိမ်အထိလာတောင်းတာခံရတယ်”ဟု ဒေသခံတစ်ဦးက သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။
၎င်းတို့အား ပြန်လည်နေရာချထားပေးသော နေအိမ်များမှာလည်း အဆင်ပြေခြင်းမရှိဟုလည်း အောင်မြင်သာစံပြကျေးရွာသားများက ဆိုသည်။
“လေတိုက်ရင်ယိုင်တယ်။ မျက်နှာကြက်မပါဘူး။ နေပူရင်မနေနိုင်ဘူး။ တိုင်တွေက
မူလီမပါလို့ ကိုယ့်ဟာကိုယ် ပြန်လုပ်ရတယ်”ဟု အောင်မြင်သာရွာသားတစ်ဦးက
နေအိမ်ကိုညွှန်ပြရင်း ပြောပြသည်။
အောင်မြင်သာရွာသားများသည် ယခင်က
၎င်းတို့နေထိုင်ရာ ရွာဟောင်းများတွင် နှစ်ရှည်ပင် ခြံများ၊
ရာသီပေါ်သီးနှံခြံများ၊ ၀ါးပင်များ ပိုင်ဆိုင်ခဲ့ကြသည်။ ထို့အပြင်
မြေဆီလွှာနှင့် ပတ်ဝန်းကျင်အနေအထားတို့မှာလည်း စိုက်ပျိုး၊
ရှာဖွေစားသောက်ရန် လွယ်ကူသည့်အတွက် စားဝတ်နေရေးမှာ ပူပန်စရာမရှိကြပေ။
ယခု အောင်မြင်သာစံပြကျေးရွာသို့ ပြောင်းရွှေ့ပြီးမှသာ ယင်းအခက်အခဲများကို
နေ့စဉ်ကြုံတွေ့နေရခြင်းကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်လာကြခြင်းဖြစ်သည်။
“ကလေးတွေကို ကျောင်းမထားနိုင်တဲ့ မိသားစုတွေ များလာတယ်။ စားစရာဆန်မရှိတဲ့
မိသားစုတွေလည်း အများကြီး၊ ကောင်းကောင်းမစားနိုင်တော့ အားလည်းမရှိကြဘူး။
ဒီပြောင်းပြီးမှ စိတ်ညစ်လွန်းပြီး ဘာလုပ်ရမလဲမသိတော့ဘူး”ဟု
ဒေသခံတစ်ဦးကဆိုသည်။
တရုတ်နိုင်ငံ CPI ကုမ္ပဏီမှ
အောင်မြင်သာရွာသားများအား တစ်လလျှင် ခုနစ်ပြည်နှုန်းဖြင့် ဆန်ပေးဝေခြင်း၊
ညနေ ၆ နာရီမှ ၉ နာရီအထိ လျှပ်စစ်မီးထွန်းပေးခြင်းတို့ကို
ပြုလုပ်ပေးထားသော်လည်း ၎င်းတို့ရွာဟောင်းတွင်သာ သူတို့ဘ၀က ပိုအဆင်ပြေသည်ဟုလည်း
ဒေသခံများကရင်ဖွင့်ပါသည်။
“ရွာဟောင်းမှာ
ကိုယ့်စိုက်ပျိုးခြံတွေရှိတယ်။ ချောင်းနဲ့နီးတော့ ငါးဖမ်းရလွယ်ကူတယ်။
တောထဲဝင်ပြီး ရှာစားမလားရသေးတယ်”ဟု တန်ဖဲကျေးရွာမှ ပြောင်းရွှေ့လာသူတစ်ဦးက
နေရာဟောင်းကို လွမ်းဆွတ်တမ်းတစွာဖြင့်ပြောသည်။
အောင်မြင်သာစံပြကျေးရွာသို့ ပြောင်းရွှေ့လာရသည်မှာ
သုံးနှစ်နီးပါးကြာလာချိန်တွင် ဒေသခံများ၏ အခြေအနေမှာ တစ်နှစ်ထက်တစ်နှစ်
ပိုမိုဆိုးရွားလာပါသည်။ ယင်းအတွက်ကြောင့်ပင် သူတို့အများစု၏ဆန္ဒမှာ
မူလရွာဟောင်းများတွင် ပြန်လည်နေထိုင်ပြီး ရှာဖွေစားသောက်လိုကြခြင်းပင်
ဖြစ်ပါသည်။
မြစ်ဆုံ(မလိဇွပ်) ရွာသားကြီး ဦးနော်တန်တစ်ယောက်လည်း အများစုနည်းတူပင် ၎င်း၏ဆန္ဒကို ယခုကဲ့သို့ပြောပြလိုက်လေသည်။
“ဒီမှာနေတာ ဘာအရသာမှမရှိဘူး။ မြေသြဇာမကောင်းဘူး။ အားလုံးဝယ်စားရတယ်။ ရွာဟောင်းပဲပြန်ချင်တယ်”ဟု ဖြစ်လေသည်။
7Day News Journal
Read more...