Wednesday, October 23, 2013
ရွာသစ်ကြီးမှ ရွာဟောင်းသို့မျှော် ----------------------- ရေးသားသူ- အောင်ခိုင်၊ မရန်
မိသားစုဘ၀တစ်လျှောက်တွင် စားဝတ်နေရေးအတွက် အခက်ခဲဆုံးအချိန်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု အောင်မြင်သာစံပြကျေးရွာမှ အသက် (၅၀)အရွယ် ဦးနော်တန် (အမည်လွှဲ)ကဆိုသည်။
ဦးနော်တန်တို့မိသားစုသည် မြစ်ဆုံ(မလိဇွပ်) ကျေးရွာတွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်ကြသူများဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်ကမှ အောင်မြင်သာစံပြကျေးရွာသို့ ပြောင်းရွှေ့လာရခြင်းဖြစ်သည်။ ဦးနော်တန်တို့ရွာနှင့် တန်ဖဲကျေးရွာသည် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ပထမဦးဆုံးဖယ်ရှားခံရသည့် ရွာများလည်းဖြစ်သည်။
မြစ်ဆုံစီမံကိန်းကြောင့် ရေ၀ပ်မည့်ဧရိယာတွင် ကျေးရွာပေါင်း ၄၉ ရွာနှင့် လူဦးရေ ၁၈၀၀၀ ခန့် နေထိုင်လျက်ရှိသည်။ ယင်းထဲမှ မြစ်ဆုံ (မလိဇွပ်) တန်ဖဲနှင့် လဖျဲရွာတို့ကို ၂၀၁၁ ခုနှစ် မေလဆန်းက အောင်မြင်သာ စံပြကျေးရွာသို့ ပြောင်းရွှေ့နေရာချထားခဲ့ခြင်း ဖြစ်သည်။
သူတို့ ယခုနေထိုင်ရာ အောင်မြင်သာစံပြကျေးရွာသည် ၂၀၀၆ ခုနှစ် ကျိန်ခရန်ရေကာတာ ကျိုးပေါက်စဉ်က ရေတိုက်စားမှုကြောင့် ကျန်ရစ်ခဲ့သည့် လွင်ပြင်တစ်ခုဖြစ်သည်။ ကျောက်သားများဖုံးလွှမ်းနေပြီး ကျိန်ခရန်ချောင်း တောင်ကျရေစီးဆင်းသည့် လမ်းကြောင်းပေါ်တွင်လည်း တည်ရှိနေသည့် နေရာတစ်ခုဖြစ်သည်။ အောက်ခြေကျောက်သားများကြောင့် မြေဆီလွှာအခြေအနေမှာ မည်သည့်အပင်မဆို စိုက်ပျိုး၍မရနိုင်ဟုလည်း အောင်မြင်သာရွာသားများကဆိုပါသည်။
အောင်မြင်သာရွာဝန်းကျင်တွင်လည်း ကုမ္ပဏီကြီးများ၏ မြေနေရာများ၊ စီမံကိန်းနယ်မြေများသာ တည်ရှိသဖြင့် ယခင်ရွာဟောင်းမှာကဲ့သို့ လွတ်လပ်စွာ ရှာဖွေစားသောက်ရန် အခက်အခဲရှိသည်ဟု ဒေသခံများက ညည်းညူကြပါသည်။
“အခုနေနေရတာ လှောင်အိမ်ထဲမှာ ပိတ်မိနေသလိုပဲ လုပ်စားဖို့အရမ်းခက်ခဲတယ်”ဟု ဦးနော်တန်က စိတ်ပျက်လက်ပျက်ဖြင့်ဆိုပါသည်။
ယင်းအခြေအနေများကြောင့်ပင် သားသမီးခုနစ်ဦး၏ဖခင် ဦးနော်တန်တစ်ယောက် မိသားစုစားဝတ်နေရေး ဖြေရှင်းနိုင်ရန် မိုင် ၃၀ ခန့် ဝေးသည့် ၀ိုင်းမော်မြို့နယ်ဘက်သို့ နေ့စဉ်တောင်ယာသွားလုပ်နေရခြင်းဖြစ်သည်။
အချို့သောသူများမှာလည်း ရှာဖွေစားသောက်ရန် လွယ်ကူသည့် သူတို့ ယခင်နေထိုင်ရာ ရွာဟောင်းများသို့ နေ့စဉ်သွားရောက်၍ စိုက်ပျိုးခြင်း၊ သီးနှံရှာဖွေခြင်းနှင့် ငါးဖမ်းခြင်းတို့ကို ပြုလုပ်နေကြရသည်။
ယခင်ရွာဟောင်းများတွင် ပြန်လည်နေထိုင်ပြီး ရှာဖွေစားသောက်နေသူ များလာသည့်အတွက်လည်း သူတို့သားသမီးများကို တန်ဖဲရွာဟောင်းမှ နေ့စဉ်သုံးဘီးဆိုင်ကယ် စုငှား၍ အောင်မြင်သာရွာသို့ ကျောင်းပို့ပေးနေရသည်ဟု ဒေသခံများကဆိုပါသည်။
ရွာဟောင်းများသို့ပြန်၍ ရှာဖွေစားသောက်သူ ၂၂ ဦး ၂၀၁၂ ခုနှစ်အတွင်းက ဖမ်းဆီးအရေးယူခြင်း ခံခဲ့ရသည်။ သို့သော်လည်း ဒေသခံများစုပေါင်း၍ နိုင်ငံတော်သမ္မတအထိ တင်ပြပြီးသည့်နောက်တွင် ရွာဟောင်းများသို့ပြန်၍ ရှာဖွေစားသောက်ခြင်းကို အရေးယူခြင်းမပြုတော့ပါ။
အိမ်ထောင်စု ၃၁၇ စု၊ လူဦးရေ ၂၁၀၀ ကျော် နေထိုင်သည့် အောင်မြင်သာစံပြကျေးရွာတွင် လတ်တလောရင်ဆိုင်နေရသည့် အခက်အခဲမှာ အိမ်သာအခြေအနေပင် ဖြစ်သည်ဟု ဒေသခံများကရင်ဖွင့်သည်။
“ဒီမှာကြည့် တွင်းကပြည့်နေပြီ။ တူးစရာနေရာမရှိဘူး။ စကတည်းက အဖြစ်လုပ်ပေးထားတာ”ဟု ဦးနော်တန်က ခနော်ခနဲ့အိမ်သာနှင့် ပြည့်လျှံနေသောတွင်းကို ညွှန်ပြရင်းက ညည်းတွားပါသည်။
မိုးတွင်းကာလတွင် ရေ၀ပ်သည့်အတွက် တစ်အိမ်မှ အညစ်အကြေးများ အခြားအိမ်ထဲသို့ စီးမျောလာသည်ဟုလည်း အောင်မြင်သာစံပြကျေးရွာသားများက ရင်ဖွင့်သည်။
ယင်းကဲ့သို့ အခြေအနေများကြောင့် ငှက်ဖျားနှင့် ၀မ်းရောဂါများ ဖြစ်ပွားမှုနှုန်းမှာ အောင်မြင်သာစံပြကျေးရွာတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားလာနေသည်။
မူလကပင် စားဝတ်နေရေးပြဿနာကို နေ့စဉ်ရင်ဆိုင်ဖြေရှင်းနေရသည့် အောင်မြင်သာစံပြရွာသားများအတွက်မူ ကျန်းမာရေးအခက်အခဲမှာ ဘူးလေးရာဖရုံဆင့်ခြင်းပင် ဖြစ်နေတော့သည်။ တိုက်နယ်ဆေးရုံတစ်ရုံ ရှိသော်လည်း စားဖို့ပင်အနိုင်နိုင်ဖြစ်နေသော ရွာသားများမှာ ရောဂါဖြစ်လျှင်ပင် ဆေးခန်းပြရန် အခက်အခဲကြုံနေခဲ့ရသည်။
“ဆေးခန်းက ဈေးကြီးလွန်းတယ်။ မတတ်နိုင်သူတွေက မှတ်ပုံတင်ထားခဲ့ရတယ်။ တစ်ပတ်အတွင်းသွားမရွေးရင် အိမ်အထိလာတောင်းတာခံရတယ်”ဟု ဒေသခံတစ်ဦးက သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။
၎င်းတို့အား ပြန်လည်နေရာချထားပေးသော နေအိမ်များမှာလည်း အဆင်ပြေခြင်းမရှိဟုလည်း အောင်မြင်သာစံပြကျေးရွာသားများက ဆိုသည်။
“လေတိုက်ရင်ယိုင်တယ်။ မျက်နှာကြက်မပါဘူး။ နေပူရင်မနေနိုင်ဘူး။ တိုင်တွေက မူလီမပါလို့ ကိုယ့်ဟာကိုယ် ပြန်လုပ်ရတယ်”ဟု အောင်မြင်သာရွာသားတစ်ဦးက နေအိမ်ကိုညွှန်ပြရင်း ပြောပြသည်။
အောင်မြင်သာရွာသားများသည် ယခင်က ၎င်းတို့နေထိုင်ရာ ရွာဟောင်းများတွင် နှစ်ရှည်ပင် ခြံများ၊ ရာသီပေါ်သီးနှံခြံများ၊ ၀ါးပင်များ ပိုင်ဆိုင်ခဲ့ကြသည်။ ထို့အပြင် မြေဆီလွှာနှင့် ပတ်ဝန်းကျင်အနေအထားတို့မှာလည်း စိုက်ပျိုး၊ ရှာဖွေစားသောက်ရန် လွယ်ကူသည့်အတွက် စားဝတ်နေရေးမှာ ပူပန်စရာမရှိကြပေ။
ယခု အောင်မြင်သာစံပြကျေးရွာသို့ ပြောင်းရွှေ့ပြီးမှသာ ယင်းအခက်အခဲများကို နေ့စဉ်ကြုံတွေ့နေရခြင်းကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်လာကြခြင်းဖြစ်သည်။
“ကလေးတွေကို ကျောင်းမထားနိုင်တဲ့ မိသားစုတွေ များလာတယ်။ စားစရာဆန်မရှိတဲ့ မိသားစုတွေလည်း အများကြီး၊ ကောင်းကောင်းမစားနိုင်တော့ အားလည်းမရှိကြဘူး။ ဒီပြောင်းပြီးမှ စိတ်ညစ်လွန်းပြီး ဘာလုပ်ရမလဲမသိတော့ဘူး”ဟု ဒေသခံတစ်ဦးကဆိုသည်။
တရုတ်နိုင်ငံ CPI ကုမ္ပဏီမှ အောင်မြင်သာရွာသားများအား တစ်လလျှင် ခုနစ်ပြည်နှုန်းဖြင့် ဆန်ပေးဝေခြင်း၊ ညနေ ၆ နာရီမှ ၉ နာရီအထိ လျှပ်စစ်မီးထွန်းပေးခြင်းတို့ကို ပြုလုပ်ပေးထားသော်လည်း ၎င်းတို့ရွာဟောင်းတွင်သာ သူတို့ဘ၀က ပိုအဆင်ပြေသည်ဟုလည်း ဒေသခံများကရင်ဖွင့်ပါသည်။
“ရွာဟောင်းမှာ ကိုယ့်စိုက်ပျိုးခြံတွေရှိတယ်။ ချောင်းနဲ့နီးတော့ ငါးဖမ်းရလွယ်ကူတယ်။ တောထဲဝင်ပြီး ရှာစားမလားရသေးတယ်”ဟု တန်ဖဲကျေးရွာမှ ပြောင်းရွှေ့လာသူတစ်ဦးက နေရာဟောင်းကို လွမ်းဆွတ်တမ်းတစွာဖြင့်ပြောသည်။
အောင်မြင်သာစံပြကျေးရွာသို့ ပြောင်းရွှေ့လာရသည်မှာ သုံးနှစ်နီးပါးကြာလာချိန်တွင် ဒေသခံများ၏ အခြေအနေမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာပါသည်။ ယင်းအတွက်ကြောင့်ပင် သူတို့အများစု၏ဆန္ဒမှာ မူလရွာဟောင်းများတွင် ပြန်လည်နေထိုင်ပြီး ရှာဖွေစားသောက်လိုကြခြင်းပင် ဖြစ်ပါသည်။
မြစ်ဆုံ(မလိဇွပ်) ရွာသားကြီး ဦးနော်တန်တစ်ယောက်လည်း အများစုနည်းတူပင် ၎င်း၏ဆန္ဒကို ယခုကဲ့သို့ပြောပြလိုက်လေသည်။
“ဒီမှာနေတာ ဘာအရသာမှမရှိဘူး။ မြေသြဇာမကောင်းဘူး။ အားလုံးဝယ်စားရတယ်။ ရွာဟောင်းပဲပြန်ချင်တယ်”ဟု ဖြစ်လေသည်။
7Day News Journal








0 comments:
Post a Comment